ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုးဖြစ်ပါသည်။ ရှမ်းနံနံပင်အား စိုက်ပျိုးရာတွင် ရာသီဥတုအနေဖြင့် ပူနွေးစွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ရှမ်းနံနံကို မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုး၍ ပိုမိုဖြစ်ထွန်းစေပါသည်။ ရှမ်းနံနံပင်အား စတင်မစိုက်ပျိုးမှီ အပင်များအတွက် အာဟာဓာတ် ကောင်းမွန်စွာရရှိစေရန် မြေပြုပြင်ထားသော မြေကြီးများထဲသို့ မြေဆွေးနှင့်ဓာတ်မြေဩဇာများ ထည့်ပေးရပါသည်။ အပင်များစိုက်ပျိုးရာတွင် အစေ့တိုက်ရိုက်ချနည်းဖြင့်လည်းကောင်း၊ ပင်အဖျားများအား ဖြတ်တောက်ပြီး အမြစ်အပိုင်းများအား ပြန်လည်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ရှမ်းနံနံပင်သည် အရွက်ကိုစားသောက်ရသည့်အတွက် အရွက်ပြားများ ချောစေရန်အတွက် အရိပ်ကောင်းမွန်စွာရရှိရန် ဝါးခြမ်းအမိုးလေးများဖြင့် စနစ်တကျပြုလုပ်ပေးခြင်းဖြင့် အရွက်များကို ပိုမိုကြီးထွားစေပါသည်။ ရှမ်းနံနံပင်၏ အနံ့သည် မွှေးကြိုင်စေသဖြင့် အသားဟင်းများ ချက်ပြုတ်ရာတွင် အရွက်များအား ထည့်ပေးခြင်းဖြင့် ဟင်းအညှီအနံ့များ ပျောက်ပြီး မွှေးကြိုင်စေပါသည်။ ရှမ်းနံနံပင်သည် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုရုံသာမက ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါသည်။ အရွက်ပြားများအား စနစ်တကျ စားသုံးပေးလျှင် ပန်းနာရင်ကြပ်ရောဂါ ပျောက်ကင်းပြီး အစာအိမ်အတွက်လည်း အစာကြေစနစ်ကို ကောင်းမွန်စေပါသည်။ ထို့အပြင် အဆစ်အမြစ်များ ရောင်ရမ်းပြီး နာကျင်ခဲ့လျှင် နံနံအရွက်ပြားများအား ရေနွေးပူပူတွင်ထည့်ပြီးသောက်လျှင် သက်သာ ပျောက်ကင်းစေပါသည်။ အပင်များ အားစိုက်ပျိုးရာတွင် ပြာသိုလတွင် စတင်စိုက်ပျိုးပြီး ရက် (၃၀) ကြာလျှင် ပေါင်းမြတ်များကို နှုတ်ပေးရသည်။ အဖူးများထွက်လာလျှင် ချိုးပေးရပါသည်။ သို့မှသာအရွက်များ ကြီးထွားနိုင်ပါသည်။ တစ်နှစ်ပတ်လုံးရောင်းချရသဖြင့် ပုံမှန်ဝင်ငွေရရှိကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ ဒီဇင်ဘာလဒုတိယပတ်တွင် ရောင်းချနေသော ရှမ်းနံနံပင် တစ်စည်းလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
https://www.doca.gov.mm
ရှမ်းနံနံ စိုက်ပျိုးမှုနှင့် အသုံးဝင်ပုံ
Category:
Local News